Monday, October 21, 2019

ခံတွင်း (အပူကန်) နာ

          အထူးသဖြင့် ခန္ဓာကိုယ်တွင်း အပူဓာတ်များသူတွေနဲ့ ဝမ်းချုပ်/ဝမ်းပုပ်ရှိသူများအဖို့ ယခုလို မိုးအကုန်ဆောင်းဦးစ ရာသီဥတု အကူးအပြောင်းမှာ အပြင်ကအပူအအေးနဲ့ ခန္ဓာကိုယ်တွင်းက အပူအအေးတို့တိုက်ပွဲဖြစ်လေ့ရှိပါတယ်။ ထို့နောက်မှာတော့ နှုတ်ခမ်းအတွင်းသာ အောက်ခြေ၊ လျှာအောက်ခြေ၊ နဲ့ နှုတ်ခမ်းအပေါ်တို့မှာ ခံတွင်း(အပူကန်)နာတွေ ထွက်လာပါတော့တယ်။

ခံတွင်း(အပူကန်)နာတွေကို ယေဘုယျအားဖြင့်အဆင့် (၃)ဆင့်ခွဲခြားထားပါတယ်။

(၁) အသေးစားအပူကန်နာက ရာသီဥတုအ ပြောင်းအလဲမှာ ဖြစ်လေ့ရှိပြီး၊ ၁-ပတ် (သို့မဟုတ်) ၁၀-ရက်လောက်အကြာမှာ သူ့အလိုလိုပျောက်သွားတတ်ပါတယ်။

(၂) အကြီးစားအပူကန်နာက ရံဖန်ရံခါမှဖြစ်တတ်ပြီး၊ သူက အသေးစာအနာထက်ပိုကြီးကာ ပိုလည်းနာကျင်လေ့ရှိပြီး ဆေးသိပ္ပံနည်း အရ stomatis အနာလို့ခေါ်ကြပါတယ်။

(၃) herpetiform ulcers (ခေါ်)ရေယုန်နာတမျိုးကတော့ ကူးစက်ရောဂါပိုး ကြောင့်ဖြစ်လာကာ အလွန်နာကျင် ယားယံလေ့ရှိပါတယ်။

ခံတွင်း(အပူကန်)နာရဲ့ရောဂါလက္ခဏာများမှာ ခံတွင်းထဲယားယံခြင်း၊ နီရဲရောင်ကိုင်းလာခြင်း၊ သွားတိုက်တဲ့အခါ (သို့မဟုတ်) အစာဝါးတဲ့အခါ နာကျင်ခြင်း၊ အစားစားချင်စိတ်မရှိခြင်း တို့ဖြစ်ပါတယ်။ ရောဂါဖြစ်ရတဲ့အဓိက အကြောင်းရင်းကတော့ ရာသီ ဥတုရုတ်တရက်ပြောင်းလဲလားခြင်းကြောင့် ခန္ဓာကိုယ်တွင်း အပူအအေးဓာတ်ဖောက်ပြန်လာခြင်းဖြစ်၍ ရာသီနာဖြစ်လို့မစိုးရိမ် ရဘဲ ရေ၀၀သောက် ဝမ်းနှုတ်ဆေးစားလိုက်ရုံနဲ့ အနာပျောက်ကင်းသွားပါတယ်။

အကယ်၍ ရာသီဥတုပြောင်းလဲခြင်းကြောင့် မဟုတ်ဘဲ သံဓာတ်-ဗီတာမင်စီ-ဗီတာမင်ဘီ၁၂ တို့ ချို့တဲ့ခြင်း၊ အစာဓာတ် မတဲ့ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ဟိုမုန်းမျှတမှုမရှိခြင်း၊ ခံတွင်းသန့်ရှင်းမှုအားနည်းခြင်း၊ မတော်တဆသွားနဲ့ကိုက်မိခြင်း၊ ကူးစက် ရောဂါရခြင်း၊ သွားတိုက်စဉ် ထိခိုက်မိခြင်း စသည် တို့ကြောင့်လဲ ခံတွင်းနာဖြစ်တတ်ပါတယ်။

၁။      အုန်းနို့ရည်က ခံတွင်းအပူကန်နာများနဲ့ ခံတွင်းနာအမျိုးမျိုးတို့အတွက် လွန်စွာဆေးဖက်ဝင်ပါတယ်။
အုန်းသီးကို ညှစ်၍ရ လာသော အုန်းနို့လတ်တ်ဆတ်ဆတ်ဖြင့် တနေ့ကို ၅-ကြိမ်လောက် ပလုပ်(အာလုပ်) ကျင်းပေးပါ။




၂။     တရုပ်နံနံပင် လတ်လတ်ဆတ်ဆတ်ကိုပြုတ်၍ ခပ်နွေးနွေးအနေအထားမှာ တစ်နေ့လျှင် ၅-ကြိမ်လောက် ပလုပ်(အာလုပ်) ကျင်းပေးပါ။ 









၃။          တိုင်းရင်းဆေးသမားတော်ကြီးတွေရဲ့အဆိုအမိန့်အရ၊ ပင်စိမ်းရွက်က ခံတွင်းပူနာများအတွက် အကောင်းဆုံးဆေးမြီးတို လေးပါ။ ပင်စိမ်းရွက်လတ်လတ်ဆတ်ဆတ် ၆-ရွက်ခန့်ကို တနေ့ ၄-ကြိမ်မျှဝါးစားပြီး ရေသောက်ပါ (သို့မ ဟုတ်) ပဲနံ့သာပင် အစေ့နဲ့ပင်စိမ်းရွက်တို့ကို ရော၍ဝါးစားပေးပါ (သို့မဟုတ်) ထို ၂-မျိုးကို ပြုတ်၍ ရလာသော ပြုတ်ရည်နွေးနွေးဖြင့် တနေ့ ၄-ကြိမ်လောက် ပလုပ်(အာလုပ်) ကျင်းပေးပါ။
(ပဲနံ့သာပင်အစေ့ ကို အိန္ဒိယ ပရဆေးဆိုင်တွေမှာ ရရှိနိုင်ပါတယ်)








၄။      ခံတွင်းအပူနာများအတွက် အနီရောင်ခရမ်းချဉ်သီး လတ်လတ်ဆတ်ဆတ်ကို အစိမ်းလိုက်ဝါးစားပေးပါ။
(သို့မဟုတ်) ခရမ်း ချဉ်သီး သတ္တုရည်ဖြင့် အပူနာတို့ကို လိမ်းပေးပါ။






၅။     နနွင်းမှုန့် ၂-ဆကို အလှဆီရည် ၁-ဆ နဲ့ခပ်ပျစ်ပျစ်ရောနယ်ပြီး ခံတွင်းနာပေါ်သို့လိမ်းပေးပါ။ (သို့မဟုတ်) နနွင်းမှုန့် လ္ဘက်ရည်ဇွန်း ၁-ဇွန်းပမာဏကို ပျားရည်စစ်စစ် ဇွန်းဝက်ခန့်မျှ ရောနယ်ပြီးတော့ ခံတွင်းနာပေါ်သို့လိမ်းပေးပါ။ (အလှဆီရည်ကို အလှကုန်ဆိုင်တွေမှာ အလွယ်တကူရရှိနိုင်ပါတယ်) 





၆။     ဇီးဖြူသီးကို အစေ့ဖယ်ကျိတ်ချေ၍ ရလာတဲ့ ဇီးဖြူသီးသတ္တုရည်က အပူကန်ခြင်းကြောင့်ဖြစ်လာတဲ့ ခံတွင်းနာများကို အမြန်ဆုံး သက်သာစေတာကြောင့် ၎င်းသတ္တုရည်ဖြင့် တစ်နေ့ ၂-ကြိမ်ကျ လိမ်းပေးပါ။



၇။     ရေခပ်နွေးနွေး ၁-ဖန်ခွက်ထဲကို ဆား စားပွဲတင်ဇွန်း ၁-ဇွန်း ရော၍၊ ၂၅ -စက္ကန့်လောက် ခံတွင်းထဲ ငုံထားပါ။ ပြီးမှ ထွေးထုတ်ပေးပါ။ ဒီနည်းက အနာရောင်ကိုင်းခြင်းကို သက်သာစေတဲ့အပြင် ပိုးမဝင်အောင်လဲ အထောက်အကူဖြစ်စေပါတယ်။ 



၈။     လ္ဘက်ရွက်အဆီ(tea tree oil) ကို အပူကန်နာပေါ်သို့ အသာအယာပွတ်လိမ်းပေးခြင်းဖြင့် အနာနီရဲရောင်ကိုင်းခြင်းကို လျော့ပါးသွားစေပါတယ်။ (tea tree oil တွေကို City Mart ဆိုင်များမှာ ရရှိနိုင်ပါတယ်)





၉။     Cranberry (ခေါ်) အနီရောင်အချဉ်သီးဖျော်ရည်လေးက အပူကန်ခံတွင်းနာခြင်းတွေကို အချိန်တိုအတွင်းမှာ ပျောက်ကင်း သွားစေနိင်လို့၊ cranberry သီးဖျော်ရည် ငုံပေးပါ။ (အသင့်သောက် cranberry သီးဖျော်ရည်ဗူူူးလေးတွေကို City Mart ဆိုင်များ မှာ ရရှိနိုင်ပါတယ်) 





၁၀။     ရေအေး နဲ့ ရေခပ်နွေးနွေးတို့ကို တလှည့်စီ အာလုပ်(ပလုပ်)ကျင်းပါ။ လတ်ဆတ်တဲ့ နွားနို့အစိမ်း(သို့မဟုတ်)အုန်းစိမ်းရည် တို့ဖြင့် တနေ့လျှင် ၄-ကြိမ် လောက် အာလုပ်(ပလုပ်)ကျင်းပါ။ 





၁၁။     အပူကန်နာအပေါ် ရေခဲတုံးလေး ကပ်ပေးခြင်းက နာကျင်မှုကို သက်သာစေတဲ့အပြင်၊ ရောင်ကိုင်းခြင်းတို့ကိုပါ ပြေလျော့ သွားစေပါတယ်။







၁၂။     အပူကန်နာများအတွက် ရှားစောင်းလက်ပပ်က လွန်စွာကောင်းကျိုးပြုပါတယ်။ ရှားစောင်းလက်ပပ်အနှစ်(ဂျယ်လီ) စားပွဲ တင်ဇွန်း ၂-ဇွန်းကို ခံတွင်းနာပေါ်သို့ အုံပေးလိုက်ရုံပါဘဲ။








၁၃။     အစိမ်းရောင် ဟင်းသီးဟင်းရွက်များ ဥပမာ…ဟင်းနုနယ်/ ကန်စွန်းရွက်/ ပဲသီး(ခေါ်) ပဲတောင့်ရှည်/ ပဲစောင်းဝါးသီး.. စတာတွေကို ကြက်သွန်နီ များများထဲ့၍ သုပ်စားခြင်းက အပူကန်ခြင်းကြောင့်ဖြစ်တဲ့ ခံတွင်းနာတွေကို သက်သာစေပါတယ်။










၁၄။     ဗီတာမင်စီ ပေါကြွယ်ဝတဲ့ ဒိန်ချဉ်က သွားဖုံးနဲ့ခံတွင်းနာ အမျိုးမျိုးတို့အတွက် အကောင်းဆုံး ဆေးတစ်ခွက်ပါဘဲ။







၁၅။     ပင်စိမ်းရွက်အဆီကို အနာပေါ်သို့ ခပ်ဖွဖွစိမ့်ဝင်အောင် မကြာမကြာလိမ်းပေးခြင်းဖြင့် ထိုအပူနာ ရောင်ကိုင်း၍နာကျင် ခြင်းတို့ကို ကောင်းစွာကုသပေးနိုင်ပါတယ်။






၁၆။     နွယ်ချို နဲ့သလဲသီးတို့ကလည်း အပူကန်ခြင်းကို ကုသပေးနိုင်ပါတယ်။ ၎င်း တမျိုးစီကို စား၍သော်လည်းကောင်း၊ တမျိုး စီကို ခံတွင်းနာပေါ်သို့အုံပေး၍သော်လည်းကောင်း (သို့မဟုတ်) ၎င်း နှစ်မျိုးစလုံးကို ခပ်ပျစ်ပျစ်ရောနယ်၍ ခံတွင်းနာပေါ်သို့ အုံပေး၍သော်လည်းကောင်း စသည်ဖြင့် အဆင်ပြေသလို ပြုလုပ်ပေးပါ။





၁၇။     အပူရှပ်၍ ဖျားချင်ချင်ခံစားနေရသူများအတွက် ကြံရည်ကကိုယ်တွင်းအပူငြိမ်းစေပြီး၊ ပရိုတင်းအားဖြည့် ဓာတ်စာအဖြစ် အသုံးဝင်တဲ့အပြင်၊ ခံတွင်းထဲမှာ ကြံရည်ငုံပေးခြင်း အပူနာတွေကို အချိန်တိုအတွင်းမှာ ချပ်ရပ်သွားစေနိုင်ပါတယ်။



          
          အထက်ဖော်ပြပါ အိမ်တွင်းကုထုံးလေးတွေက ခံတွင်းအပူကန်နာဖြစ်ခြင်းကို ၈-ရက် (သို့မဟုတ်) ၁၀-ရက်ခန့်အကြာမှာ ပျောက်ကင်းသွားစေပါတယ်။ ကုထုံးလေးတွေသုံးနေတာတောင် ၁၀-ရက်ကြာတဲ့အထိ မပျောက်တဲ့ အပြင် အခြေအနေပိုဆိုး လာပါက၊ ဆရာဝန်နဲ့ဆေးကုသမှုခံယူသင့်ပါတယ်။ “အပ်နဲ့ထွင်းရမယ့်အနာကို ပေါက်ဆိန်နဲ့ထွင်းမခံရလေအောင် ” ကျမ္မာရေးအမြင်ရှိဖို့လိုပါကြောင်း။

(ပေါက်ပေါက်…မျှဝေသည်)

No comments:

Post a Comment