Saturday, October 5, 2019

သွေးတိုးရောဂါ အတွက်ဆေးနည်းများ (၉)

သွေးတိုးရောဂါပျောက် ဆေးနည်း(၂) 

ဆေးနည်းပေးပို့သူ။          ။ ဦးသန်းဇော် (ရေဒီယိုဆက်သွယ်ရေးအရာရှိ။)

ဆေးနည်း။                       ။ (၁) နနွင်းခါး ၃၅ ကျပ်သား 

                                           (၂) ပျားရည် ၆၅ ကျပ်သား 

          နှစ်မျိုးကိုရောပြီး ဆေးလုံးကလေးများလုပ်၍ အခြောက်ခံထားပါ။ သွေးတိုးရောဂါဖြစ်က တစ်နေ့လျှင် ငါးလုံး သို့မဟုတ် သုံးလုံး နှစ်ကြိမ်မှီဝဲပါ။ 

စွမ်းအင်။            ။ သွေးပေါင်ချိန် အောက် ၁၁၀၊ အထက် ၂၁၀ အထိ တက်တတ်သဖြင့် သွေးကျဆေးများကိုဈေးကြီးပေးမှီဝဲခဲ့ရပါသည်။ သို့သော် ရှင်းရှင်းမပျောက်ခဲ့ပါ။ သင်္ဘောလိုက်နေစဉ်အတွင်းဆေးအလုံအလောက်မပါသဖြင့် ဆေးရှာရာ သွေးတိုးရောဂါရှင် တစ်ယောက်မျှ မပါသဖြင့်သွေးကျဆေး ရှာမရခဲ့ပါ။ နနွင်းခါးဆေး နှစ်ပုလင်းသာ ရရှိသောကြောင့် ရရာ ဆေးအဖြစ် နနွင်းခါးဆေး ခုနုစ်လုံးကို ရေအေးနှင့်သောက်ခဲ့ရာ သွေးပေါင်ချိန်ကျသွားပါသည်။ ထိုအချိန်မှစ၍ ၎င်းဆေးကို ပုံမှန်မှီဝဲခဲ့ရာ သွေးတိုးရောဂါ ပျောက်ကင်း ချမ်းသာခဲ့ပါသည်။ 

နနွင်းစွမ်းအင်နှင့် ပတ်သက်သော ကောက်နုတ်ချက်များ 

ဆေးကျမ်းများတွင် နနွင်း (၇) မျိုး ဖော်ပြထား၏။ 

၁။ ဟရိဒ္ဒါ ခေါ် နနွင်းရိုးရိုး (စားနနွင်းဖြစ်၏) 

၂။ ဝနဟရိဒ္ဒါ ခေါ် နနွင်းရိုင်း၊ 

၃။ အာမဟရိဒ္ဒါ သရက်ကင်းဥ၊ 

၄။ ကာလိဟရဒီ ခေါ် နနွင်းပြာ၊ 

၅။ ဒါရု ဟရိဒ္ဒါ ခေါ် သစ်နနွင်း၊ 

၆။ ဝလ္လီဟရိဒ္ဒါ ခေါ် နနွင်းနွယ်၊ 

၇။ တိတ္တဟရဒီ ခေါ် နနွင်းခါးဟူ၍ ဖြစ်၏။ 

          နနွင်းခါးသည် ရိုးရိုးနနွင်းနှင့် အလွန်တူ၏။ သို့သော် အလွန်ခါးသော အရသာရှိသဖြင့် နနွင်းခါးဟု ခေါ်၏။ 

          အထက်ဖော်ပြပါ နနွင်းခုနစ်မျိုးနှင့် ပျောက်ကင်းသောရောဂါ လွန်စွာများ၏။ နနွင်းခါးနှင့် ပျားရည်စားခြင်းဖြင့် အရာရှိကြီးတစ်ဦး၏ သွေးတိုးရောဂါမှာ လုံးဝပျောက်ကင်းသွားကြောင်း မီးဖိုချောင်မှ ဆေးစွမ်းကောင်းများ စာ အုပ်၌ ဖော်ပြထားသည်။ နနွင်းကို ဆနွင်းဟု ခေါ်ခြင်းမှာ ဆ-၆၊ နဝ-၉၊ ကိုးဆယ့်ခြောက်ပါးသော ရောဂါ ဝေဒနာများ ပျောက်ကင်းသဖြင့် ဆနွင်းခေါ်ခြင်းဖြစ်သည်ဟု အချို့ပညာရှိတို့ယူဆကြသည်။ 

ပျားရည်စွမ်းအင်နှင့် ပတ်သက်သော ကောက်နုတ်ချက်များ 

          ပျားရည်မျိုးဟူသမျှသည် ချို၏။ စဉ်းငယ်ဖန်၏။ အဆီမရှိ။ ကြေလွယ်၏။ အေး၏။ ဝမ်းမီးတောက်စေ၏။အနည်းငယ်စားလျှင် ဝမ်းချုပ်၍ ဝအောင်စားလျှင် ဝမ်းပျော့ပျော့သွား၏။ လူကိုပိန်စေတတ်၏။ အသံကို ကောင်းစေ၏။ မျက်စိနှင့်သင့်၏။ အရွယ်ကို နုပျိုစေတတ်၏။ အဆင်းကို ကောင်းစေ၏။ ဉာဏ်ပညာကို ပွါးစေ တတ်၏။ သုက်ကို ပွါးစေတတ်၏။ ဒူလာ၊ မြင်းသရိုက်နာ၊ ချောင်းဆိုးနာ၊ သွေး၊ သည်းခြေ၊ သလိပ်၊ မောပန်းသောအနာ၊ ပိုးနာ၊ အဆီခဲနာ၊ ရေငတ်သောအနာ၊ အော့နာ၊ ပန်းနာ၊ ဝမ်းသွန်၊ ဝမ်းပျက်၊ ဝမ်းချုပ်၊ ကိုယ်ပူနာ စသည်ကိုနိုင်၏။ မေထုန်ကိုများစွာ မှီဝဲစေနိုင်၏။ အဆိပ်ကိုနိုင်၏။ 

(ဥတုဘောဇနသင်္ဂဟကျမ်း)

No comments:

Post a Comment