Sunday, October 6, 2019

ကြွက်နပေါင်းပင်

အမည် - ကြွက်နပေါင်း 

အင်္ဂလိပ်အမည် - Broom Creeper 

ရုက္ခဗေဒအမည် - Cocculus villosus/ C.hirsutus 

မျိုးရင်းအမည် - Menispermaceae 


 

ပုံသဏ္ဌာန် 

          ၎င်းသည်မိုးဥတု၌ပေါက်ရောက်တတ်သောအပင်မျိုးဖြစ်၏။အချို့အချို့နေရာ၌ဆယ့်နှစ်ရာသီလုံးပင်တွေ့နိုင်၏။ထိုနွယ်မျိုးသည်တောင်ပေါ်၌မပေါက်ရောက်တတ်ပေ။နွယ်များသည်အလွန်ရှည်လျား၏။ 

          မြေပေါ်တွင်လည်းများစွာပျံ့နှံ့၍နေတတ်၏။အကယ်၍အနီးအနား၌သစ်ပင်ရှိခဲ့သော်ထိုအပင်သို့ မှီတွယ် တက်တတ်၏။ နွယ်ရိုးများတွင်အမွေးဖြူများရှိ၏။ နွယ်ညွန့်များကားနူးညံ့ကုန်၏။ ရင့်သောအခါ ရှည်၍လွန်စွာတုတ်ခိုင်ကုန်၏။ 

          အရွက်တို့သည် ၂ လက်မ မှ ၃ လက်မအထိရှည်ကုန်၏။ ၁ လက်မခွဲ မှ ၂လက်မအထိကျယ်၍အချို့ခပ်ဝိုင်းဝိုင်းရှိ၏။အချို့ချွန်၏။ အချို့အရွက်တို့မှာအစွန်း၅ခုရှိသည်ကို တွေ့ရ ၏။ အချို့မှာကွမ်းရွက်နှင့်တူ၏။ သို့ဖြစ်၍အရွက်ပုံသဏ္ဌာန်တို့သည်အမျိုးမျိုးရှိကြကုန်၏။ နွယ်တစ်ခု တွင် အကိုင်းထွက်၍အရွက်အသီးသီးထွက်ကုန်၏။ အသီးမှာမူလွန်စွာသေး၏။ စိမ်းသောအခါ၌ အရောင်စိမ်း၍ မှည့်သောအခါခရမ်းရောင်ရှိ၏။ အတွင်း၌ညိုမဲသောအရည်များပြည့်ကုန်၏။ အပွင့်များ သည် မိုးအခါ၌ပွင့်တတ်၍အသီးများမှာဆောင်းဝင်သောအခါ၌သီးကြ၏။အရွက်ကိုချေ၍ ရေနှင့် နယ်ခဲ့သော်ရေများသည်မုန့်ကျွဲသဲအသွင်ဖြစ်နေ၏။ ၎င်း၏အမြစ်ရင်း၌အလွန်နက်သောမြစ်ဥရှိ၏။ ဆေးသုံးရာ၌ အရွက်နှင့်အမြစ်ကိုသုံးကြရ၏။ 

အရသာနှင့်အကျိုးသွား 
          အရွက်သည်ချို၏။ 

ဂုဏ်နှင့်စွမ်းရည် 
          သုတ်ကိုပွားစေ၏။ နှုတ်ကိုမြိန်စေ၏။ အပူနာ၊သည်းခြေနာ၊သွေးဖောက်ပြန်ခြင်းနှင့်အဆိပ်၏ အန္တရာယ် တို့ကို ပယ်ဖျောက်တတ်၏။ ၎င်း၏မြစ်ဥသည်ထက်သောသတ္တိရှိ၏။ချွေးထွက်စေ၊ ကျင်ငယ်ကိုပွားစေ၊ အားကိုများစေ၏။ အဖျားကိုနိုင်၏။ လေဖောက်ပြန်မှုကိုပယ်ဖျောက်တတ်၏။ မလ တို့ ကိုသုတ်သင်တတ်၏။ နူးညံ့သောသဘောရှိ၏။၎င်း၏အရွက်များသည် ပူလောင်နေသည် ကိုငြိမ်းစေ နိုင်သည်။ကျင်ငယ်ကိုများစေ၏။ဖောရောင်ခြင်းကိုနိုင်၏။နို့ကိုများစေ၏။

အရှင်နာဂသိန်ပုံပြဆေးအဘိဓာန်-ပထမတွဲ

No comments:

Post a Comment