Thursday, October 3, 2019

ဆီးချို ရောဂါအတွက် ဆေးနည်းများ (၄)



ဆီးချို ဝေဒနာရှင်များအတွက် နည်းလမ်းကောင်းများ
           ရှေးယခင်က လူသားများကို ခြိမ်းခြောက်လျက်ရှိသော ရောဂါအများစုမှာ ကူးစက်တတ်သော ရောဂါများဖြစ်ပြီး ယနေ့ခေတ်တွင် မကူးစက်တတ်သော ရောဂါများက ပို၍ဒုက္ခပေးလျက် ရှိသည်ကို တွေ့ရှိရသည်။ ၎င်းရောဂါဆိုး များတွင် ဆီးချိုရောဂါသည်လည်း တစ်ခု အပါအဝင်ဖြစ်သည်။ ကမ္ဘာ့ဆီးချိုအဖွဲ့၏ ခန့်မှန်းချက်အရ ၂ဝ၁၇ ခုနှစ်တွင် ဆီးချိုဝေဒနာရှင်ပေါင်း ၄၅၁ သန်းအထိ ရှိနေသည်ကို တွေ့ရှိရသည်။ ကမ္ဘာပေါ်တွင် ဆီးချိုရောဂါကြောင့် ၁ဝ စက္ကန့်တိုင်းတွင် လူတစ်ဦးနှုန်းဖြင့် သေဆုံးနေပြီး စက္ကန့် ၃ဝ တိုင်းတွင်လူတစ်ဦး မသန်မစွမ်း ဖြစ်နေသည်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံ၏ စစ်တမ်းများအရ ၂ဝ၁၄ ခုနှစ်တွင် ဆီးချိုရောဂါရှိသူများမှာ စုစုပေါင်းလူဦးရေ၏ ၁ဝ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ကနဦးဆီးချို ဝေဒနာရှင်များမှာ ၁၉ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။ ဤနှစ်ခုကို ပေါင်းကြည့်ပါက ၃ဝ ရာခိုင်နှုန်းခန့်ရှိနေပြီး မြန်မာနိုင်ငံသားသုံးဦးတွင် တစ်ဦးခန့်မှာ အနည်းဆုံး ကနဦးဆီးချိုရောဂါ ခံစားနေရသည်ကို တွေ့ရှိရသည်။



          ဤမျှအဖြစ်များပြီး ကြောက်စရာကောင်းသော ဆီးချိုရောဂါဆိုးကြီးကို တစ်ဦးကောင်း တစ်ယောက်ကောင်းဖြင့် တွန်းလှန်ရန်မှာ လွန်စွာခက်ခဲလှပေသည်။ မြန်မာစကားပုံတွင် မောင်တစ်ထမ်း မယ်တစ်ရွက်၊ စီးတဲ့ရေဆယ်တဲ့ ကန်သင်း၊ အိတ်ပေါက်နဲ့ဖားကောက်ဆိုသော စကားပုံများရှိသည်။ ၎င်းတို့၏ ဆိုလိုရင်းမှာ သာယာပျော်ရွှင်သော မိသားစုတစ်စု ထူထောင်နိုင်ရန် အတွက် အိမ်ထောင်ဦးစီး သာမက အိမ်ရှင်မလည်း အတူတကွ တက်ညီလက်ညီ ကြိုးစားရန် လိုအပ်ပေသည်။

          ထိုနည်းတူ ဆီးချိုရောဂါဆိုးကြီးကို တွန်းလှန်နိုင်ရန်အတွက် ဆရာဝန်တစ်ထမ်း လူနာတစ်ရွက် ကြိုးစားမှသာလျှင် ကျန်းမာပျော်ရွှင်သော ဘဝကိုရရှိပေလိမ့်မည်။ထိုကဲ့သို့ ကြိုးစားနိုင်ရန်အတွက် နေထိုင်စားသောက်မှုဆိုင်ရာ နည်းလမ်းကောင်းများကို သိရှိထားရန် လိုအပ်ပေသည်။ ပထမဦးစွာ စားသောက်မှုနည်းလမ်းများအနက်မှ အဓိက အစာအုပ်စုကြီး သုံးခုကို ရှင်းပြလိုသည်။ ၎င်းတို့မှာ-

(၁) အင်အားကိုဖြစ်စေသောကဆီဓာတ်

(၂) ကိုယ်ခန္ဓာကြီးထွားစေသောအသားဓာတ်

(၃) သက်စောင့်ဓာတ်ခေါ် ဗိုက်တာမင်တို့ဖြစ်သည်။

          ကဆီဓာတ် ပြည့်ဝစွာပါဝင်သော အစားအစာများကို ဥပမာအနေဖြင့် ရှင်းပြလိုသည်။ ၎င်းတို့မှာ- ထမင်း၊ ခေါက်ဆွဲ၊ ပေါင်မုန့်၊ ဆန်၊ ဂျုံ၊ ပြောင်း နှင့် ပြုလုပ်ထားသော အစားအစာများ၊ သကြားနှင့်ပြုလုပ်ထားသော အစားအစာများ၊ ထန်းလျက်နှင့် ပြုလုပ်ထားသော အစားအစာများ၊ ငှက်ပျောသီး၊ သရက်သီး၊ ဖရဲသီး၊ အာလူးနှင့်ကန်စွန်းဥ စသည်တို့ဖြစ်သည်။

          အသားဓာတ် ပြည့်ဝစွာပါဝင်သော အစားအစာများကို ဥပမာအနေဖြင့် ရှင်းပြလိုသည်။ ၎င်းတို့မှာ- ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ငါးအမျိုးမျိုး၊ ပုစွန်၊ ပဲအမျိုးမျိုး၊ ကြက်ဥ၊ နွားနို့နှင့် အစေ့အဆန် အမျိုးမျိုးတို့ဖြစ်သည်။

          ဗီတာမင်ကြွယ်ဝသော အစားအစာများကို ဥပမာအနေဖြင့် ရှင်းပြလိုပါသည်။၎င်းတို့မှာ- ကန်စွန်းရွက်၊ ဟင်းနုနယ်ရွက်၊ မုန်ညင်းရွက်၊ ဆလတ်ရွက်၊ ပန်းဂေါ်ဖီ၊ မုန်လာဥနီ၊ မုန်လာဥဖြူ၊ ထောပတ်သီး၊ ကီဝီသီး၊ ခရမ်းချဉ်သီးနဲ့ သံပရာသီးတို့ဖြစ်သည်။

          အထက်ပါအစာအုပ်စုကြီး သုံးခုကို ညီညွတ်မျှတစွာ စားသောက်ရန် လိုအပ်သည်။ ကျွနု်ပ်တို့လူမျိုး၏ ဓလေ့တစ်ခုမှာ ထမင်းကို အဓိကစားလေ့ရှိပြီး အသားငါးကို အနည်းငယ်သာ စားလေ့ရှိသည်။ ထိုသို့ထမင်းများများ စားခြင်းဖြင့် သွေးတွင်းသကြားဓာတ်များ မြင့်တက်လာပြီး ထိုသကြားဓာတ်ကို ထိန်းသိမ်းရန်အတွက် အင်ဆူလင်ဟော်မုန်းကို ခန္ဓာကိုယ်ရှိ မုန့်ချိုအိတ်မှ ထုတ်လွှတ်ပေးရသည်။ နှစ်ရှည်လများ အင်ဆူလင် ထုတ်ပေးရသောအခါ မုန့်ချိုအိတ်မှာ အားနည်းလာပြီး အင်ဆူလင်ဟော်မုန်း မထုတ်လွှတ်နိုင်တော့ဘဲ ဆီးချိုရောဂါကိုဖြစ်စေသည်။ ၎င်းဖြစ်စဉ်ကို မြန်မာလူမျိုးများအတွက် ထမင်းကျိန်စာသင့်ခြင်းဟု တင်စားချင်သည်။ အသားကို နည်းနည်း စားခြင်းအားဖြင့် ခန္ဓာကိုယ်ကြီးထွားသင့်သလောက် မကြီးထွားတော့ပေ။ ထို့ကြောင့်အသား များများစားရန် လိုအပ်ပေသည်။ ဗီတာမင်ခေါ် သက်စောင့်ဓာတ်ကိုလည်း စားသောက်ရန် လိုအပ်ပေသည်။ ထိုသို့မစားသောက်ပါက ဗီတာမင်ချို့တဲ့သော ရောဂါများ ခံစားရနိုင်သည်။

          အများစုမှာ ဗီတာမင်အားဆေးများကို သောက်လေ့ရှိပြီး လွဲမှားနေသော အယူအဆတစ်ခုမှာ ဆရာဝန်မညွှန်ကြားဘဲ အားဆေးများစွာ သောက်နေလေ့ ရှိသည်ကို တွေ့ရှိရသည်။ တန်ဆေးလွန်ဘေး ဆိုသည့်အတိုင်း မလိုအပ်ဘဲ ဆေးသောက်ပါက ဆေး၏ ဘေးထွက်ဆိုးကျိုးများကို ခံစားရနိုင်သည်။

          ထို့ပြင် ဗီတာမင်ဆေးတွင်လည်း ရေတွင်ပျော်ဝင်သော ဘီ၊စီအုပ်စုနှင့် အဆီတွင် ပျော်ဝင်သောအေ၊ ဒီ၊ အီး၊ကေ အုပ်စုဟူ၍ရှိသည်။ ရေတွင်ပျော်ဝင်သော ဆေးများ လွန်ကဲပါက များစွာပြဿနာ မရှိသော်လည်း အဆီတွင် ပျော်ဝင်သောဆေးများ လွန်ကဲပါက အန္တရာယ်ရှိနိုင်သည်။

          ထို့ပြင် လူတစ်ဦးနေ့စဉ် လိုအပ်သော ကယ်လိုရီအကြောင်း ဆက်လက် ရှင်းပြလိုသည်။လူတစ်ဦး အသက်ရှင်နေထိုင်ရန်အတွက် တစ်နေ့လျှင် အကြမ်းဖျင်း ကီလိုကယ်လိုရီ ၁၅ဝဝ မှ ၂၅ဝဝ ထိလိုအပ်သည်။ ကယ်လိုရီလိုအပ်ချက်မှာ အမျိုးသားနှင့် အမျိုးသမီး မတူညီပေ။ သာမန်အမျိုးသားများနှင့် လှုပ်ရှားမှုများသော အမျိုးသမီးများအတွက် ကိုယ်အလေးချိန် တစ်ပေါင်လျှင် ၁၅ ကီလို ကယ်လိုရီနှုန်းဖြင့် တွက်ချက်ပြီး သာမန် အမျိုးသမီးများနှင့် လှုပ်ရှားမှုနည်းသော အမျိုးသားများအတွက် ၁၃ ကီလို ကယ်လိုရီနှုန်းဖြင့်တွက်ချက်သည်။ (ဥပမာ- ပေါင် ၁၅ဝ ရှိသော အမျိုးသား တစ်ဦးအတွက် လိုအပ်သော ကီလိုကယ်လိုရီမှာ ၁၅ဝx၁၅=၂၂၅ဝဖြစ်သည်)

          အကြမ်းဖျင်း ကီလိုကယ်လိုရီ ၁ဝဝ နှင့်ညီမျှသော အစားအစာများကို ဥပမာအနေဖြင့် ဆက်လက်ရှင်းပြလိုပါသည်။၎င်းတို့မှာ-ထမင်းလေးဇွန်း၊ ပေါင်မုန့်နှစ်ချပ်၊ ခေါက်ဆွဲလေးဇွန်း၊ ချာပါတီတစ်ချပ်၊ Donut တစ်ဝက်၊ ငှက်ပျောသီးတစ်လုံးခွဲ၊ ပန်းသီးတစ်လုံး၊ လိမ္မော်သီးနှစ်လုံး၊ သရက်သီး တစ်လုံးခွဲ၊ 3 in 1 ကော်ဖီတစ်ခွက်တို့ဖြစ်သည်။

          ဆီးချိုဝေဒနာရှင်များသည် ပုံမှန်လူများထက် ကယ်လိုရီ လျှော့စားရန် လိုအပ်သည်။ ကိုယ်အလေးချိန်များသော ဆီးချိုဝေဒနာရှင်များ အတွက် တစ်နေ့လျှင် ၅ဝဝ မှ ၇၅ဝ ကီလိုကယ်လိုရီအထိ လျှော့စားရန် လိုအပ်သည်။

          တချို့သောသူများသည် ဆီးချိုတက်မှာ စိုးရိမ်ပြီး အစာကို လုံးဝနီးပါးမစားဘဲ နေလေ့ရှိကြသည်။ ထိုအယူအဆမှာ မှားယွင်းသော အယူအဆဖြစ်သည်။

          အစာမစားဘဲနေပါက ခန္ဓာကိုယ်မှ တန်ပြန်ထိန်းညှိဟော်မုန်းများ ထွက်လာပြီး ၎င်းဟော်မုန်းများသည် ဆီးချိုပို၍တက်စေသည်။ ထို့ပြင် အစာမစားဘဲနေခြင်းအားဖြင့် အာဟာရချို့တဲ့သော ရောဂါများဖြစ်ပွားနိုင်သည်။

          နောက်တစ်ခု အနေဖြင့် Plate Model နည်းကို ဆက်လက်ရှင်းပြလိုသည်။ ထမင်းစားတော့မည်ဆိုပါက ပန်းကန်ပြား တစ်ချပ်ကိုယူပြီး စိတ်မှန်းဖြင့် လေးပုံပုံပါ။ထို့နောက် နှစ်ပုံကို အသီးအရွက်ထည့်ပြီး ကျန်တစ်ပုံကို အသားငါးနှင့် နောက်ဆုံး တစ်ပုံကို ထမင်းထည့်၍စားပါ။

          နောက်ဆုံးအနေဖြင့် ဆီးချိုသမားများအတွက် ဆောင်ရန်၊ရှောင်ရန်များကို ရှင်းပြလိုသည်။၎င်းတို့မှာ-ကစီဓာတ်ပါဝင်မှုများသော အစားအစာများကို လျှော့စားပါ။ အချိုလွန်ကဲသော အစားအစာများကို ရှောင်ပါ။ အဆီအအိမ့်များကို ရှောင်ပါ။ အသားငါးကို သင့်တင့်မျှတအောင် စားပါ။ အမျှင်ဓာတ်ပါဝင်သော အစားအစာများကို များများစားပါ။ရေများများ သောက်ပါ။ အဝမလွန်အောင် ထိန်းသိမ်းပါ။ စိတ်ဖိစီးမှုကိုလျှော့ချပါ။ အငန်လျှော့စားပါ။ အရက်အလွန်အကျွံ သောက်ခြင်းကို ရှောင်ပါ။ ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ။ ကိုယ်လက်လှုပ်ရှားမှုကို မှန်မှန်လုပ်ပါ။ (တစ်နေ့နာရီဝက်၊ တစ်ပတ်လျှင်သုံးရက်မှ ငါးရက်ခန့် လမ်းလျှောက်ပါ)။

          အထက်ပါ နေထိုင်စားသောက်မှုဆိုင်ရာ နည်းလမ်းကောင်းများကို လိုက်နာကျင့်သုံးပါက ကျန်းမာပျော်ရွှင်သော လူမှုဘဝကို ရရှိမည်မှာ မလွဲဧကန်ဖြစ်ပါကြောင်း တင်ပြလိုက် ရပါသည်။ ။

ဒေါက်တာ သိန်းစိုးထွန်း

No comments:

Post a Comment