သွေးတိုးအတွက် အစွမ်းထက် တိုင်းရင်းဆေး
ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့် ကျန်းမာရေး ဝန်ကြီးဌာန၊ တိုင်းရင်းဆေး ပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းရင်းဆေး ပညာနှင့် ပတ်သက်၍ ပညာ ပေးထားသော လူလည်းကျန်းမာ၊ ငွေလည်းသက်သာ ဆိုသော အားထားဖွယ်ရာ တိုင်းရင်းဆေး ပညာ အကြောင်းကို အများအကျိုး အတွက် ဆေးပညာ ဒါန ပြုလိုက်ပါသည်။
လူကြီးလူရွယ်မရွေး ယခုအခါ အဖြစ်များသည့် ရောဂါမှာ သွေးတိုး ရောဂါဖြစ်သည်။ သွေးတိုး ရောဂါ ကြာရှည်ဖြစ်နေပါက လေဖြတ်ခြင်း နှလုံးရောဂါနှင့် ကျောက်ကပ် ရောဂါကို ဖြစ်တတ်သည်။
သွေးတိုးရောဂါ-ဟူသည်--- အပေါ် သွေးပေါင်ချိန် (၁၆၀) မီလီမီတာ ပြဒါးနှင့် အောက်သွေးပေါင်ချိန်(၉၅) မီလီမီတာ ပြဒါးအထက် တောက်လျှောက် ဖြစ်စေ၊ အချိန် ကြာမြင့်စွာ မြင့်တက်ခြင်းကို သွေးတိုးရောဂါ-ဟု ခေါ်သည်။
သွေးတိုးရောဂါ ဖြစ်တတ်သူ--- သွေးတိုး ရောဂါသည် အဝလွန်သူ၊ မျိုးရိုး၌ သွေးတိုးရှိသူ၊ အဆီအဆိမ့် အချိုနှင့် အငန်အရသာ ရှိသော အစားအစာများကို အလွန်စားသောက်သူ၊ ဆေးလိပ်သောက်သူ၊ အရက် သောက်သူများနှင့် ကျောက်ကပ်ရောဂါ၊ ဆီးရောဂါရှိသူများ၌ ဖြစ်တတ်သည်။
သွေးတိုးရောဂါ လက္ခဏာများ--- သွေတိုးရောဂါ လက္ခဏာများမှာ အပေါ်သွေး ပေါင်ချိန် (၁၆၀)မီလီမီတာ ပြဒါးနှင့် အောက်သွေးပေါင်ချိန် (၉၅)မီလီမီတာ ပြဒါးအထက် သွေးပေါင်ချိန် မြင့်တက်ခြင်း၊ ခေါင်းမူးခြင်း၊ ဇက်ကြောတက်ခြင်း၊ အကြောတပ်ခြင်းတို့ ဖြစ်သည်။
သွေးတိုးရောဂါကို တိုင်းရင်း ဆေးဖက်ဝင် အပင်များဖြင့် ကာကွယ်ကုသခြင်း---
(၁) ဒန့်သလွန်ရွက် သတ္တုရည် ဟင်းစားဇွန်း(၂)ဇွန်း၊ တနေ့ ၃-ကြိမ် သောက်ပါ။ (သတ္တုရည် ဆိုသည်မှာ ထုထောင်းကြိတ်ညှစ်၍ ရရှိသောအရည် ဖြစ်သည်)။
(၂) ဧကရာဇ်ရွက် သတ္တုရည် ဟင်းစားဇွန်း(၂)ဇွန်း၊ တနေ့ ၃-ကြိမ်သောက်ပါ။ (သို့မဟုတ်) ဧကရာဇ် အမြစ်ကို ရေဖြင့်သွေး၍ တခါသောက်လျှင် ဟင်းစားဇွန်း ၁-ဇွန်း၊ တနေ့ ၃-ကြိမ် သောက်ပါ။
(၃) သံပုရာသီးတလုံးကို ထက်ခြမ်းခွဲ၍ ရေနွေးကျွက်ကျွက်ဆူ တဖန်ခွက်တွင် တနာရီခန့် စိမ်ပြီး သောက်ပါ။
(၄) ကြက်သွန်ဖြူ (၃-၄)မြွှာကို ထမင်းစားတိုင်း စားပါ။ (သို့မဟုတ်) ဥတလုံး ကြက်သွန်ဖြူကို နေ့စဉ် စားပါ။
သွေးတိုးရောဂါရှင်များ လိုက်နာရန်--- * အချို၊ အဆိမ့်၊ အငန်၊ အဆီနှင့် ဆီပါသော အစားအစာများ အလွန်အကျူး စားသောက်ခြင်းမှ ရှောင်ကြဉ်ပါ။ * အရက်၊ ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ပါ။ * စိုးရိမ်သောက ကင်းဝေးပါစေ။ * ကိုလက်လေ့ကျင့်ခန်း နေ့စဉ်မှန်မှန်ပြုလုပ်ပါ။ * အနည်းဆုံး တနေ့ နာရီဝက်ခန့် လမ်းလျှောက်ပါ။ * သွေးပေါင် မှန်မှန်ချိန်ပါ။
ဥက္ကာကျော်(ပုသိမ်) ကိုးကား။ ။ သိမှတ်ဖွယ်ရာ တိုင်းရင်းဆေးပညာ။
No comments:
Post a Comment