အမျိုးသား လိင်အင်္ဂါ မတောင့်တင်းနိုင်ခြင်း(သို့မဟုတ်) ပန်းသေ၊ ပန်းညှိုးရောဂါ
By အေးမင်း 24 September 2016
အမျိုးသားတွေ လိင်အင်္ဂါ တောင့်တင်းနိုင်မှု မရှိတဲ့ ပြဿနာ (ပန်းသေ၊ ပန်းညှိုးလို့လဲ ခေါ်ကြပါတယ်) ဆိုတာ အမျိုးသား တွေ ကြုံတွေ့ရတတ်တဲ့ ပြဿနာ တခုဖြစ်ပါတယ်။
တချို့တွေအတွက် တသက်တာလုံး ကြုံရတတ်ပေမယ့် တခြားသူ အများစု အတွက်ကတော့ မထင်မှတ်ဘဲ ဖြစ်တတ်တဲ့ အခြေအနေမျိုး၊ အကြောင်းတစုံတရာကြောင့် ဖြစ်လာပြီး ဖြေရှင်း နိုင်ရင် ပျောက်ကင်းသွားတတ်တာမျိုးပါ။ ဒါပေမယ့် ဘာကြောင့် ဖြစ်တယ်ဆိုတာကို သိဖို့တော့ လိုပါတယ်။ ဖြစ်ရ ခြင်း အကြောင်းရင်းကို မသိရင် အလွယ်တကူ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။
ဒီလို ပြဿနာကြုံရနိုင်တဲ့ နောက်ကွယ်က အကြောင်းရင်း ၇ မျိုးကို ဖော်ပြလိုက်ပါတယ်။
(၁) ကိုလက်စထရော များခြင်း
အမျိုးသားတွေ လိင်အင်္ဂါ တောင့်တင်းလာခြင်းက လိင်တံထဲမှာ သွေးစီးဆင်းမှုတိုးလာခြင်းကြောင့် ဖြစ်ပါတယ်။ သန်မာ ရှည်ကြာတောင့်တင်းနိုင်ဖို့ အတွက် သွေးလည်ပတ်စီးဆင်းမှုကောင်းမွန်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကိုလက်စထရော များခြင်းကြောင့် သွေးလည်ပတ်မှုစနစ် ပုံမမှန်ခြင်းကြောင့် သွေးစီးဆင်းမှုကို လျော့ကျစေပြီး လိင်မှုဆိုင်ရာ စွမ်းဆောင် ရည် ကိုလည်း ကျဆင်းစေနိုင်ပါတယ်။
(၂) ဆီးချိုရောဂါ
လိင်မှုဆိုင်ရာ သာယာမှုနဲ့ တုန့်ပြန်မှု အပေါ်မှာ ဆီးချိုရောဂါက သက်ရောက်မှုရှိတယ်ဆိုတာကို လူအများစုက သတိ မထားမိကြပါဘူး။ ဆီးချိုရောဂါကြောင့် လိင်မှုကိစ္စကို ထိခိုက်စေခြင်းက အမျိုးသားတွေရော အမျိုးသမီးတွေမှာရော တွေ့ ရပါတယ်။ ဆီးချိုရောဂါရှိတဲ့ အမျိုးသမီးတွေဟာ လိင်ဆက်ဆံမှုရဲ့ အထွတ်အထိပ် ခံစားမှုကို ရဖို့ ခက်ခဲတတ်ကြပါတယ်။ ထို နည်းတူပဲ ဆီးချိုရောဂါရှိတဲ့ အမျိုးသားတွေဟာလည်း အိပ်ခန်းထဲမှာ အခက်တွေ့ကြရပါတယ်။ အမေရိကန်နိုင်ငံ အမျိုး သားကျန်းမာရေး သိပ္ပံ(National Institutes of Health) ရဲ့ အဆိုအရ ဆီးချိုရောဂါရှိတဲ့ အမျိုးသား ၇၅ ရာခိုင်နှုန်းဟာ လိင်အင်္ဂါ တောင့်တင်းနိုင်မှု မရှိတဲ့ ပြဿနာ နဲ့ ကြုံရလေ့ ရှိတယ်လို့ သိရပါတယ်။
(၃) ဆီးကျိတ်ကင်ဆာ ကုသခြင်း
ဆီးကျိတ်ကင်ဆာရောဂါကုသမှုခံယူနေတဲ့ အမျိုးသားတွေအနေနဲ့ လိင်အင်္ဂါ တောင့်တင်းနိုင်မှု မရှိတဲ့ ပြဿနာ ကြုံရနိုင် ချေက သာမန်လူတွေ ထက် ၄ဆ ပိုများတယ်လို့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ဗြိတိန်သုတေသီတွေရဲ့ လေ့လာမှုတခုအရ သိရပါတယ်။ သုံးစွဲရတဲ့ ဆေးဝါးတွေနဲ့ ဓာတ်ရောင်ခြည်က ဆီးကျိတ်ကင်ဆာ ရောဂါ ကုသမှုခံယူနေသူတွေရဲ့ လိင်မှုဆိုင် ရာ စွမ်းဆောင်ရည်နဲ့ သာယာမှုကို ထိခိုက်စေပါတယ်။
(၄) ဆေးလိပ်နှင့် အရက် အလွန် အကျွံသောက်သုံးခြင်း
ဆေးလိပ်သောက် ခြင်းက ကျန်းမာရေးကို ထိခိုက်နိုင်တယ်ဆိုတာ လူတိုင်းနီးပါး သိကြပါတယ်။ ဒါပေမယ့် လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်နဲ့ ဆက်စပ်တဲ့ အခါမှာတော့ အမောမခံနိုင်တာလောက်ပဲ သတိပြုမိကြပါတယ်။ ဆေးလိပ်သောက်ခြင်းက သွေးလည်ပတ်မှုကို ကြီးကြီးမားမား ထိခိုက်စေပါတယ်။ သွေးလည်ပတ်စီးဆင်းမှု ကောင်းမှသာ လိင်အင်္ဂါလည်း သန်သန် မာမာနဲ့ အချိန်ရှည်ကြာစွာ တင်းမာနေနိုင်မှာဖြစ်ပါတယ်။ အရက်အလွန် အကျွံသောက်သုံးခြင်းကလည်း ထိုနည်းတူပဲ ထိ ခိုက်နိုင်ပါတယ်။
(၅) ဆေးဝါးများ
အကြောင်းတစုံတရာကြောင့် ဆေးဝါးတွေကလည်း လိင်အင်္ဂါ တောင့်တင်းနိုင်မှု မရှိတဲ့ ပြဿနာ နဲ့ အခြား လိင်မှုဆိုင်ရာ စွမ်းဆောင်ရည် အခက်အခဲတွေကို ဖြစ်စေပါတယ်။ အဲဒီဆေးတွေထဲမှာ စိတ်ကျရောဂါ အတွက်ဆေး၊ ဓာတ်မတည့် တဲ့ ရောဂါအတွက်ဆေး၊ ဆီးရွှင်ဆေး၊ သွေးတိုးကျဆေးနဲ့ အကိုက်အခဲ ပျောက်ဆေးတွေ လည်းပါဝင်ပါတယ်။ တကယ်လို့ ဆေးဝါး အသစ်တမျိုးမျိုးကို စတင်မှီဝဲ ပြီးတဲ့ နောက်မှာမှ လိင်အင်္ဂါ တောင့်တင်းနိုင်မှု မရှိတဲ့ ပြဿနာ ကြုံရတယ်ဆိုရင် ဆေးကြောင့် ဖြစ်ဖို့ များတဲ့ အတွက် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
(၆) အဝလွန်ခြင်း
အလွန်ဝ ခြင်းကလည်း ကိုယ်ခန္ဓာကို ကျန်းမာရေး ပြဿနာ အမျိုးမျိုးပေးနိုင်ပါတယ်။ အဲဒီအပြင် လိင်မှုဆိုင်ရာ စွမ်းဆောင် ရည်ကိုလည်း ဆိုးဆိုးဝါးဝါး ကျဆင်းစေနိုင်ပါတယ်။ အဝလွန်ခြင်းက သွေးလည်ပတ်မှုကိုထိခိုက်စေသလို အမျိုးသား ဟိုမုန်း (Testosterone) ထုတ်လုပ်မှုကိုလည်း လျော့နည်းစေပါတယ်။ အဲဒီ အချက် ၂ချက်လုံးကလည်း လိင်အင်္ဂါ တောင့်တင်းနိုင်မှု မရှိတဲ့ ပြဿနာ ကိုဖြစ်စေတဲ့ အကြောင်းတွေပါပဲ။
(၇) ဟိုမုန်းများ
အမျိုးသား ဟိုမုန်း (Testosterone) ထုတ်လုပ်မှုကိုလည်း လျော့နည်းခြင်းက လိင်စွမ်းဆောင်ရည်ကို ကျဆင်းစေတယ်ဆို တာကို အထက်မှာပြောခဲ့ပြီးပါပြီ။ နောက်ထပ်ရှိသေးတာက thyroid ဟိုမုန်းနည်းခြင်း၊ ကျောက်ကပ် အလုပ် လုပ်ပုံ မမှန်ခြင်း စတာတွေ ကြောင့် ဟိုမုန်းတွေ မညီမျှရင်လည်း လိင်အင်္ဂါ တောင့်တင်းနိုင်မှု မရှိတဲ့ ပြဿနာ ဖြစ်လာနိုင်ပါ တယ်။ တကယ်လို့ ဟိုမုန်းကြောင့် ဖြစ်တယ် လို့ သံသယရှိတယ်ဆိုရင် ဟိုမုန်းအခြေအနေကို စစ်ဆေးကြည့် ဖို့ အရေး ကြီးပါတယ်။
အထက်မှာဖော်ပြခဲ့တာတွေ အားလုံးက လိင်အင်္ဂါ တောင့်တင်းနိုင်မှု မရှိတဲ့ ပြဿနာ ဖြစ်လာနိုင်တဲ့ အကြောင်းရင်းတွေ ဆိုပေမယ့်လို့ ဒီတိုင်းပဲထားပြီး တယောက်ထဲ ဒုက္ခခံမနေဘူးဆိုရင် ဖြေရှင်းလို့ ရနိုင်တာတွေ ဖြစ်ပါတယ်။ နားလည် ကျွမ်း ကျင်တဲ့ ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး အကြောင်းရင်းကို အဖြေရှာမယ်ဆိုရင် လိုအပ်သလို ကုသပျောက်ကင်းနိုင်မှာ ဖြစ်ပါ တယ်။
Source: everydayhealth.com
Did you find apk for android? You can find new Free Android Games and apps.
Topics: ကျန်းမာရေး
အေးမင်းဧရာဝတီ
No comments:
Post a Comment