သွေးတိုးရောဂါအကြောင်း သိမှတ်ဖွယ်ရာအဖြာဖြာ
ပေါက်ပေါက်
ကမ္ဘာတစ်ဝန်း လူသန်းပေါင်းတစ်ထောင်မှာ သွေးတိုးရောဂါခံစားနေကြရပြီး နှစ်စဉ် ၇ ဒသမ ၁ သန်း သေဆုံးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း သွေးတိုးရောဂါခံစားနေရသူဦးရေဟာ တစ်နှစ်ထက်တစ်နှစ် ပို၍မြင့်တက်လာနေကြောင်း အရှေ့တောင်အာရှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စစ်တမ်းများမှာ ဖော်ပြထားပါတယ်။ ဒါကြောင့်လည်း ကျွမ်းကျင်ဆေးပညာရှင်များက သွေးတိုးရောဂါကို တိတ်တဆိတ်လူသတ်သမား (Silent Killer) လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ သွေးတိုးရောဂါဟာ အချိန်အခါမရွေး၊ ရာသီဥတုမရွေးဖြစ်တတ်တဲ့ ရောဂါအမျိုးအစားဖြစ်ကာ အပူအကြောင်းခံ၍ သွေးတိုးခြင်း၊ အအေးအကြောင်းခံ၍ သွေးတိုးခြင်းနဲ့ အပူအအေးနှစ်ပါးပြိုင်၍ သွေးတိုးခြင်းဆိုပြီး သွေးတိုး၊ သွေးတက်ရောဂါ သုံးမျိုးရှိပါတယ်။
(၁) သွေးပေါင်မတိုင်းမီနာရီဝက်အတွင်း အစာစားခြင်း၊ဆေးလိပ်သောက်ခြင်းနှင့် လေ့ကျင့်ခန်းလုပ်ခြင်း မလုပ်ပါနှင့်။
(၂) ဝမ်းနည်းဝမ်းသာ၊ စိတ်လှုပ်ရှားချိန်တွင် မတိုင်းပါနှင့်။
(၃) မတိုင်းမီ ၁ဝ မိနစ်ခန့် ကိုယ်ရောစိတ်ပါ ဖြေလျှော့ အနားယူပါ။
(၄) လက်မောင်းပတ်လေအိတ်နှင့် နှလုံးကို ရေပြင်ညီ တစ်တန်းတည်းရှိနေပါစေ။
(၅) တိုင်းနေစဉ် ငြိမ်ငြိမ်နေပါ၊ စကားမပြောပါနှင့်၊ မလှုပ်ပါနှင့်။
သွေးဖိအားကို မီလီမီတာမာကျူရီယူနစ်ဖြင့်တိုင်းတာပြီး နှလုံးကြွက်သားညှစ်ထုတ်စဉ် သွေးကြောအတွင်း ဖြစ်ပေါ်နေတဲ့ဖိအားကို အပေါ်သွေးဟုခေါ်ပြီး နှလုံးကြွက်သား မူလအတိုင်းပြန်ဆန့်စဉ် ဖြစ်ပေါ်နေတဲ့သွေးဖိအားကို အောက်သွေးဟုခေါ်ပါတယ်။ အသက် ၁၈ နှစ်နှင့်အထက်လူကြီးများအားလုံး၏ သွေးဖိအားအခြေအနေကို -
(က) ပုံမှန်သွေးဖိအား
(ခ) ပုံမှန်ထက်မြင့်မားပြီး သွေးတိုးမဟုတ်သည့်အခြေအနေ
(ဂ) အဆင့်တစ် သွေးတိုးရောဂါ
(ဃ) အဆင့်နှစ် သွေးတိုး ရောဂါဟူ၍ အပိုင်း လေးပိုင်း ခွဲခြားသတ်မှတ်လေ့ရှိပါတယ်။
I. အပေါ်သွေး ၁၂ဝ နှင့် အောက်သွေး ၈ဝ အောက်က ပုံမှန်သွေးဖိအားဖြစ်ပါတယ်။
II. အပေါ်သွေး ၁၂ဝ မှ ၁၃၉ ကြားနှင့် အောက်သွေး ၈ဝ မှ ၈၉ ကြားက ပုံမှန်ထက်မြင့်မားပြီးသွေးတိုးမဟုတ်သေးတဲ့အခြေအနေလို့ ယူဆလေ့ရှိပါတယ်။
III. အပေါ်သွေး ၁၄ဝ မှ ၁၅၉ ကြားနှင့် အောက်သွေး ၉ဝ မှ ၉၉ ကြားကိုတော့ သွေးတိုးရောဂါအဆင့်တစ်အဖြစ်သတ်မှတ်ပါတယ်။
IV. အပေါ်သွေး ၁၆ဝ နှင့် အထက်၊ အောက်သွေး၁ဝဝ နှင့်အထက်က သွေးတိုးရောဂါအဆင့်နှစ်ဖြစ်ကာ စိုးရိမ်ရပါတယ်။
သွေးတိုးရောဂါရှိသူတွေရဲ့ ပျမ်းမျှသုံးပုံတစ်ပုံခန့်မှာ မည်သည့်လက္ခဏာမျှ ထွေထွေထူးထူး မပြတာကြောင့် မိမိကိုယ်ကို သွေးတိုးနေမှန်းတောင် မသိကြပါဘူး။ လူအများစုမှာဖြစ်တတ်တဲ့ ရောဂါအစလက္ခဏာများမှာ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ မူးဝေခြင်း၊ အသက်ရှူမြန်လာခြင်း၊ အမြင်ဝေဝါးလာခြင်း၊ နားအူခြင်း၊ မျက်နှာရောင်အန်းအမ်းခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ မျက်ခွံမို့အစ်ခြင်း၊ လေးလံထိုင်းမှိုင်းခြင်းတွေ ဖြစ်တတ်ပါတယ်။ အမျိုးသမီးများ ဓမ္မတာရာသီလာနေစဉ်မှာလည်း သွေးဖိအားတိုးတတ်ပါ တယ်။ (သွေးတိုးရောဂါရဲ့ သဘောသဘာဝဟာ ရောဂါစဖြစ်ပြီဆိုတာနှင့် ဆက်တိုက် သွေးတိုးသွားဖို့သာရှိပါတယ်။
ပြန်ကောင်းသွားစရာ အကြောင်းမရှိပါ။ ရောဂါလက္ခဏာပေါ်သည်နှင့် မပေါ်သည်သာ ဖြစ်ပါတယ်။ သွေးတိုးကျဆေးအမျိုးအစားဟာ အခြားသော ပဋိဇီဝအကိုက်အခဲပျောက်ဆေးများကဲ့သို့ သောက်သုံးသူကို ဆေးယဉ်သွားခြင်း (ဆေးမတိုးခြင်း) မျိုး လုံးဝမဖြစ်စေပါဘူး။ ဒါကြောင့် မိမိသဘောဖြင့် လက္ခဏာပေါ်လျှင် ဆေးသောက်မည်။ မပေါ်လျှင် ဆေးမသောက်ဘဲနေတာမျိုး မပြုသင့်ပါဘူး။ မည်သည့်ရောဂါလက္ခဏာမျှမပြဘဲနှင့်လည်း သွေးတိုးရောဂါ ဆိုးဆိုးရွားရွားရှိနေနိုင်တာကို သတိပြုပါ။
သွေးတိုးရောဂါ ရှိသူများ၏ ၉ဝ-၉၅ ရာခိုင်နှုန်းခန့်မှာ အကြောင်းရင်းတိတိကျကျမသိရဘဲ သွေးတိုးနေကြပြီး ကျန် ၅-၁ဝ ရာခိုင်နှုန်းခန့်က ခန္ဓာကိုယ်တွင်း ရောဂါတစ်မျိုးမျိုးစွဲကပ်နေခြင်းကြောင့် သွေးတိုးရောဂါခံစားလာရပါတယ်။ အထူးသဖြင့် ကျောက်ကပ်ရောဂါအမျိုးမျိုး၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သိုင်းရွိုက်ဟော်မုန်းအထွက်လွန်ကဲသောရောဂါ၊ Cocaine, Cyclosporin, Erythropoietin, Adrenergic စတဲ့ ပဋိဇီဝဆေးမှီဝဲသောက်သုံးရခြင်း၏ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်ပေါ်လာတဲ့ သွေးတိုးရောဂါ၊ ကိုယ်ဝန်ဆောင်သွေးတိုးခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်းနှင့် ပူပြင်းသောနေရောင်ခြည်အောက် အချိန်ကြာမြင့်စွာသွားလာရခြင်း စသည့်အကြောင်းများကြောင့်လည်း သွေးတိုးရောဂါ ဖြစ်လာရပါတယ်။
(၁) သွေးတိုးရောဂါကြောင့် နှလုံးသွေးကြောများ မာကျောကျစ်လျစ်လာပြီး နှလုံးသွေးကြောကျဉ်းခြင်း (သို့မဟုတ်) ပိတ်ဆို့ခြင်း ၊ နှလုံးကြွက်သားများ ထူထဲလာခြင်း၊ နှလုံးညှစ်အား လျော့နည်းလာခြင်း စသည့်နှလုံးရောဂါအမျိုးမျိုး ဖြစ်လာနိုင်ပါတယ်။
(၂) သွေးတိုးကြောင့် ဦးနှောက်သွေးကြောပိတ်ခြင်း၊ သွေးကြောပေါက်ခြင်းဖြစ်လာကာ ထိုမှတစ်ဆင့် လေဖြတ်လေငန်းရောဂါ ဖြစ်လာနိုင်ပါတယ်။
(၃) သွေးတိုးရောဂါ နာတာရှည်လာပါက ကျောက်ကပ် ပျက်စီးသွားပြီး၊ ဆီးထဲသွေးပါခြင်း၊ ဆီးဆိပ်တက်ခြင်း များ ဖြစ်လာပါတယ်။
(၄) သွေးတိုးရောဂါပြင်းထန်မှုကြောင့် မျက်စိတွင်းရှိ မျက်ကြည်လွှာနှင့် သွေးကြောများ ထိခိုက်ပျက်စီးပြီး အမြင်
အာရုံ ထိခိုက်ယိုယွင်းသွားနိုင်ပါတယ်။
(၅) သွေးတိုးရောဂါရှိသူများက သွေးဖိအားကို 140/90 mmHg ထက်မကျော်လွန်အောင် ထိန်းထားသင့်ပြီး၊ ဆီးချို နှင့် ကျောက်ကပ်ရောဂါရှိသူများအနေဖြင့် သွေးဖိအားကို 130/80 mmHg အောက် ရှိနေရမှာဖြစ်ပါတယ်။
ကိုယ်အလေးချိန် အဝမလွန်စေရန် ထိန်းသိမ်းထားရမှာဖြစ်လို့ Body Mass Index(BMI) ကို ၁၈ ဒသမ ၅ မှ ၂၄ ဒသမ ၅ အတွင်း ရှိနေပါစေ။ လမ်းမြန်မြန်လျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း စတဲ့ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို တစ်နေ့ မိနစ် ၃ဝ ပုံမှန်လုပ်ပေးပါ။ စိတ်ဖိစီးမှုများခြင်း၊ သောကများခြင်း၊ ဒေါသအမျက်ထွက်ခြင်းတို့က သွေးတိုးစေနိုင်တာကြောင့် အတတ်နိုင်ဆုံး စိတ်အေးချမ်းသာစွာနေထိုင်ပါ။
တရားမှတ်ပါ။ ယောဂကျင့်ပါ။ အိမ်မွေးတိရစ္ဆာန် ခွေး၊ ကြောင်လေးများဖြင့် အချိန်ပေး၍နေပါ။ အိပ်ရေး မဝခြင်းကလည်း သွေးတိုးစေနိုင်ပါတယ်။
သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များ၊ အဆီထုတ်ထားတဲ့ နို့နှင့် နို့ထွက်ပစ္စည်းများကို များများစားပါ။ ဆား (ဆိုဒီယမ်) ပမာဏပါဝင်မှုနည်းတဲ့ အစားအစာများကိုရွေးချယ်ပါ။ အရသာကောင်းစေရန် ပြုပြင်ထားသော အစားအစာများ နှင့် အသင့်စားအစားအစာအထုပ်တွေမှာလည်း ဆားပါဝင်မှုများလို့သတိပြုပါ။ ငါးများများစားပါ။ အဆီပါဝင်မှု များတဲ့ အနီရောင်အသားများနှင့် ကြက်၊ ဘဲ အရေခွံများကို ရှောင်ပါ။
ကိုလက်စထရောများတဲ့ အဆီ၊ အဆိမ့်၊ အချိုများကို ရှောင်ပါ။ အရက်အလွန်အကျွံသောက်သုံးခြင်းက သွေးတိုးစေတတ်သဖြင့် အထူးရှောင်ကြဉ်ပါ။ တိရစ္ဆာန်ထွက်ဆီနှင့် အုန်းဆီမစားပါနှင့်။ ဟင်းခတ်မှုန့် (အချိုမှုန့်)နှင့် ကြက်သားမှုန့် လျှော့ပါ။ ငါးဟင်းလျာကို အနည်းဆုံး တစ်ပတ်သုံးရက်စားပါ။ အရက်ကို တစ်နေ့နှစ်ပက်ထက် ပိုမသောက်ပါနှင့်။ သွေးတိုးရောဂါအတွက် ဆရာဝန်ညွှန်ကြားထားသော သွေးကျဆေးများကို တိတိကျကျ လိုက်နာသုံးစွဲပါ။
သင်ခံစားနေရသော ရောဂါလက္ခဏာပေါ်မူတည်၍ မိမိဘာသာ ဆေးအတိုးအလျှော့မလုပ်ပါနှင့်။ (၁) ဒန့်သလွန်ရွက်ကို ရေစင်အောင်ဆေးပြီး ထောင်းကာ အရည်ညှစ်ယူပြီး လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခန့် သောက်ပေးခြင်းဖြင့် ချက်ချင်းသက်သာသွားစေပါတယ်။ ဒန့်သလွန်ရွက်ဟင်းခါးရည် သောက်နိုင်ပါတယ်။
(၂) သံပရာသီးအစေ့ ငါးစေ့ခန့် ဝါးစားလိုက်တဲ့အခါ၊ သွေးတိုး ချက်ခြင်းသက်သာသွားပါလိမ့်မယ်။ သံပရာပင်၏အခေါက်ကို ဆေးကြောပြီး ရေနှင့်သွေး၍ သောက်နိုင်ပါတယ်။ ယင်းအပြင် သံပရာသီးတစ်လုံးကို အလယ်မှ ထက်ခြမ်းလှီးကာ ရေနွေးအပူချိန် ၇၅ ဒီဂရီဖာရင်ဟိုက်ထဲသို့ ၄၅ မိနစ်ခန့်ထည့်ပြီး ယင်းပြုတ်ရည်ကို သောက်သုံးပါက တစ်ခဏအတွင်း သွေးတိုးကျစေပါတယ်။
(၃) မြင်းခွာရွက်ကို အရည်ညှစ်သောက်ခြင်း၊ သုပ်စားခြင်း၊ ဟင်းခါးချက်သောက်ခြင်းဖြင့် သွေးတိုးကျစေပါတယ်။
(၄) ဧကရာဇ်ပင်၏ အရွက်နှင့် အမြစ်တို့ကို အရည်ညှစ်၍ တစ်နေ့သုံးကြိမ်သောက်ပေးပါ။
(၅) ဗာဒံရွက်အနုသုံးရွက်လေးရွက်ခန့်ကို ရေစင်အောင်ဆေးပြီး ငါးမိနစ်ခန့်ပြုတ်၍ သောက်ပေးပါ။ တစ်နေ့ကို လက်ဖက်ရည်ခွက်သုံးခွက်ခန့် သောက်ပေးခြင်းဖြင့် ရက်သတ္တပတ်အတွင်းစမှာပင် သွေးတိုးရောဂါ သက်သာသွားပါလိမ့်မယ်။ အထူသတိပြုရန်မှာ ဗန်ဒါရွက်ပြုတ်ရည်ကို အလွန်အကျွံသောက်ပါက ဝမ်းချုပ်တတ်ပါတယ်။
(၆) ကြက်သွန်ဖြူ ဥတစ်လုံးအမျိုးအစားကို ထမင်းစားတဲ့အခါတိုင်းမှာ သုံးလုံးမှ ငါးလုံးအထိ စားပေးပါက သွေးပေါင်တက်ခြင်းကို ကျစေသလို သွေးပေါင်ကျနေသူကိုလည်း ပြန်လည်သွေးညှိပေးနိုင်ပါတယ်။
(၇) တောင်ဆီးဖြူပင် ပဉ္စငါးပါး (အရွက်၊ အပွင့်၊ အကိုင်းအခက်၊ ပင်စည်၊ အမြစ်) တို့ကို သုံးခွက်တစ်ခွက်တင်ကျို၍ သောက်ပေးပါ။
(၈) ခရာမြစ်ကိုသွေးပြီး ဆားအနည်းငယ်ထည့်၍သောက်ပါ။
(၉) နှင်းဆီပန်း၏ ပွင့်ဖတ်များကိုခြွေ၍ ရေနွေးပူပူတွင်ခပ်ကာ နေ့စဉ်သောက်ပါ (ရေမွှေးနှင်းဆီမဟုတ်ပါ။)
(၁ဝ) နနွင်းခါးနှင့် ပျားရည်ကိုရောစပ်၍ လက်ဖက်ရည်တစ်ဇွန်းခန့် နေ့စဉ်စားသုံးပေးပါ။
(၁၁) ကြက်သွန်ဖြူကို နေ့စဉ်စားသုံးပေးပါ။
(၁၂) အရွယ်တူ ကွမ်းရွက်ငါးရွက်နှင့် ရဲယိုရွက်ငါးရွက် တို့ကို ရောစပ်ကြိတ်ချေပြီး အရည်ညှစ်ယူပါ။ ထိုအရည်ကို တစ်နေ့သုံးကြိမ်ခွဲ၍ ကုန်အောင်သောက်ပါ။
ပေါက်ပေါက်
No comments:
Post a Comment